စိတ်ဖိစီးမှုများကို ၂ မိနစ်အတွင်း ဖြေဖျောက်နည်းများ
==========================
နည်းလမ်း ၉
တတ်စွမ်းသလောက် ပေးကမ်းလှူဒါန်းပါ။ ဟားဗတ်စီးပွားရေးတက္ကသိုလ်ရဲ့ လေ့လာမှု အ
ရ ရယူပိုင်ဆိုင်လိုက်တာထက် သူတစ်ပါးကို ပေးကမ်းစွန့်ကြဲလှူဒါန်း လိုက်တာက စိတ်ဖိစီးမှုကို လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ငွေကြေးတွေ အများကြီးတတ်နိုင်မှ လှူဒါန်းမယ်ဆိုတဲ့ စိတ်မျိုးတော့
မတွေးပါနဲ့။ လှူဒါန်းလိုက်တဲ့ ပမာဏအနည်း၊ အများက ပဓာနမကျပါဘူး။
စွန့်ကြဲလှူဒါန်းလိုက်တဲ့အပေါ် ထားရှိတဲ့ စိတ်ထားကသာ သင့်ကို
ပြန်တွေးမိတိုင်း ပီတိဖြစ်စေပါတယ်။
နည်းလမ်း ၁၀
ချောကလက် တစ်ကိုက်ချင်း စားပါ။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ ချောကလက်ရဲ့
အချိုအရသာကို လျှာက ရရှိတဲ့အခါ စိတ်ခံစားမှုကောင်းစေတဲ့
အင်န်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင်
ချောကလက် အညိုထဲမှာပါဝင်တဲ့ ဖလေဗိုနွိုက်တွေက စိတ်ခံစားမှု
ကောင်းစေတယ်ဆိုတာကိုလည်း လေ့လာမှုတွေမှာ
တွေ့ရှိထားပြီး ဖြစ်ပါတယ်။
အမေရိကန်ဓာတုဗေဒအဖွဲ့ရဲ့ လေ့လာမှုအရ တစ်နေ့ကို ချောကလက်အညို ၁.၄ အောင်စ
စားသုံးတာက စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိတဲ့ ဟော်မုန်းပမာဏကို
လျော့နည်းစေတယ်လို့ သိရပါတယ်။ ချောကလက် စားတဲ့အခါ တဖြည်းဖြည်းချင်း
တစ်ကိုက်ချင်းစီစားတာက စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့ ကူညီရာရောက်ပါတယ်။
နည်းလမ်း ၁၁
အသက်ရှူသွင်း၊ ရှူထုတ်မှုအပေါ် အာရုံစိုက်ပါ။ အသက်ရှူရာမှာ ဖြည်းဖြည်းနဲ့
နက်နက်ရှိုင်းရှိုင်းရှူသွင်း၊ ရှူထုတ်လုပ်တာကြောင့်
စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ အသက်ရှူသွင်းတာထက် အသက်ကိုရှူထုတ်ရာမှာ
ဖြည်းဖြည်းနှေးနှေးထုတ်တာက နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။
စိတ်ဖိစီးမှုတွေများနေတဲ့အခါ အသက်ကို ဖြည်းဖြည်းချင်းရှူသွင်း၊
ရှူထုတ်ပြုလုပ်ပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေကို
မောင်းထုတ်နိုင်ပါတယ်။
နည်းလမ်း ၁၂
မေးရိုးနှင့်လျှာကိုအနားပေးပါ။ မေးရိုးနှင့်လျှာကိုအနားပေးလိုက်တာက
ဦးနှောက်ဆီကို အချက်အလက်တွေ ရောက်ရှိပြီး အက်ဒရီနလင်နဲ့ ကော်တီဇော
ဟော်မုန်း ထုတ်လုပ်မှု တွေကို တားဆီးလိုက်တာကြောင့် စိတ်ဖိစီးမှုတွေ
လျော့နည်းသွား စေပါတယ်။
မေးရိုးနှင့်လျှာကိုအနားပေးဖို့က ပါးစပ်ကို အနည်းငယ်ဟထားပြီး
မေးရိုးကို အလိုက်သင့်လေးထားပါက ကြွက်သားတွေ အားလုံးပြေလျော့ သွားပါတယ်။
နည်းလမ်း ၁၃
အနည်းငယ် လှုပ်ရှားလိုက်ပါ။ အားကစားကို နှစ်မိနစ်လောက် ပြုလုပ်လိုက်တာက
စိတ်ခံစားမှုကို အကောင်းဆုံး ပြောင်းလဲနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ
ဂျွန်ရပ်တေး ကပြောပါတယ်။ ခုန်ပေါက်ပြေးလွှားဆော့ကစားတာမျိုးက
နှလုံးခုန်နှုန်းမြန်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အပြင်
နော်အက်ပီနက်ဖရင်း၊ ဒိုပါမင်းနဲ့ ဆီရိုတိုနင် တွေ ထွက်ရှိလို့ စိတ်ဓာတ်ကျဆင်းမှုကို ကောင်းမွန်စေပါတယ်။
နည်းလမ်း ၁၄
အမဲသား စားပါ။ မြက်စားနွားမှရရှိတဲ့ အမဲသားမှာပါဝင်တဲ့ အဆီတစ်မျိုးက
ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်မှာ
အဆီတွေမစုအောင် ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ်တွေကိုလည်း ကာကွယ်ပေးပါတယ်။
မြက်စားနွားမှ ရရှိတဲ့ အမဲသားကနေ သံဓာတ်များစွာ ရရှိနိုင်ပြီး စွမ်းအင်ပမာဏ
ကိုလည်း မြှင့်တင်ပေးပါတယ်။ အသက် ၂၀နှစ်မှ ၄၀နှစ်အတွင်း အမျိုးသမီးတွေရဲ့
၁၅ ရာခိုင်နှုန်းက သံဓာတ်ချို့တဲ့နေကြပါတယ်။ အမျိုးသမီးတွေမှ
သံဓာတ်ချို့တဲ့ပါက မောပန်းနွမ်းနယ်တာနဲ့ စိတ်ဖိစီးမှုတွေကို
ခံစားရနိုင်ပါတယ်။
မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်းမှ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) ရေးသားသည့်
ဆောင်းပါးအား ကောက်နုတ်ဖော်ပြ ပါသည်။