မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ
“ကျီးကန်းနဲ့ဥသြ”
လောက လူသားက ကျီးကန်းနဲ့တူတယ်။ဓမ္မလူသားက ဥသြနဲ့တူတယ်။
လောကလူသားက အများအားဖြင့် အခိုးထုတ်တယ်။ဓမ္မလူသားကတော့ တန်ခိုးပဲ ထုတ်တယ်။
ကျီးကန်းနဲ့ဥသြကို နှု
ိင်းယှဉ်ကြည့်လိုက်တော့ ငှက်ချင်းလည်းအတူတူပဲ၊
မည်းနက်တဲ့အရောင်ချင်းလည်း အတူတူပဲ…ဒါပေမယ့် အသံကတော့ တစ်ခြားစီပါ။
ကျီးကန်းမြည်လိုက်ရင် ပွက်ညံနေတာပဲ၊မြည်သမျှ အပူသံချည်းပါ၊စည်းကမ်းမဲ့လွန်းပါတယ်။
သူ့အသံကြားရသူတွေတောင် အပူဓါတ် ကူးတာခံရတယ်။လောကလူသားလည်း ကျီးကန်းလိုပဲ။
နှုတ်ကထွက်လာသမျှ အပူသံချည်းပဲ…
“သားသမီးတွေ ကျွေးရပေးရတာ တစ်နေ့တစ်နေ့ဆို အများကြီးကုန်တာ”အဲဒါ ကျီးကန်းသံမြည်ပြနေတာ။
သူ့အသံကြားရသူတွေထံ အပူဓါတ်တွေ ကူးလာတတ်တယ်။ကိုယ့်ဟာကိုယ်ချစ်နည်းမသိတော့ ပူလိုက်တာ…..။
ဥသြငှက်မြည်လိုက်တော့ အေးအေးကလေးပဲ။အလွန်ချိုသာတယ်။နားထောင်ရသူတွေထံ
အအေးဓါတ်တွေ ကူးစက်လာသလိုပဲ ခံစားရတယ်။သူ့အသံကြားရတာ
နားလည်းချမ်းသာ၊စိတ်လည်းချမ်းသာပဲ။
ဓမ္မလူသားလည်း ဥသြငှက်လိုပဲ။နှုတ်ကထွက်သမျှ ငြိမ်းချမ်းတဲ့ အအေးသံချည်းပဲ။
စိတ်က အေးချမ်းတော့ စိတ်ထဲရှိသလို အသံထွက်လာရတာကိုး။
သားသမီးတွေ ကျွေးရ၊ပေးရတာ ပျော်စရာအလှူပွဲပါ။သူတို့ရှိနေလို့သာ အိမ်ထဲနေရင်း ဒါန၊သီလ၊ဘာဝနာတွေ
ပြုခွင့်ရတာ၊ကိုယ့်ခန္ဓာကျွေးတာ သီလ၊သမာဓိ၊၀ိပဿနာပါ။နေမကောင်းတာ
ဝိပဿနာပါ။ပစ္စည်းသူခိုးအခိုးခံရလို့ ပျောက်တာ၊ ၀ိပဿနာပါ။နေမကောင်းတာ
ဝိပဿနာပါ။ခန္ဓာကြီး သိပ်တာဝန်ကျေတယ်။သူ့မှာရှိတာ ပွင့်ပွင့်လင်းလင်း
အကုန်ထုတ်ပြတယ်။တရားအသိ လက်ဦးတော့ တို့ဘ၀များ အရတော်လိုက်တာ အဲဒါ
ဥသြမြည်ပြနေတာ။
သူ့အသံကြားရသူထံ အအေးဓါတ်တွေကူးစက်လာတယ်။ကိုယ့်ဟာကိုယ်ချစ်နည်း သိရပြန်တော့ တကယ်အေးချမ်းပါတယ်။
***တိပိဋကယောဆရာတော်ဘုရားကြီး***
လူမှုရေးကိစ္စ၊တစ်ခါတစ်လေအလုပ်ကိစ္စ တစ်ယောက်တည်း ဒိုင်ခံလုပ်ရဖန်များလာချိန်တွေမှာ…
ဟင်းချက်တာတို့၊အိမ်မှုကိစ္စလုပ်ရတာတို့ကို ၀ါသနာပါပေမယ့်လည်း တစ်ခါတစ်လေကျတော့ နှုတ်ကနေထုတ်ပြီး ငြီးငြူမိပါတယ်။
အခု ယောဆရာတော်ကြီး ဟောကြားထားတဲ့တရားကို နာကြားလိုက်ရမှ ဒီရှေ့လျှောက်ကျီးကန်းလိုမမြည်တော့ပဲ၊
ဥသြလို မြည်တတ်အောင်၊အအေးဓါတ်နဲ့အေးချမ်းအောင် နေမှဖြစ်တော့မယ်လို့ တွေးတောမိရင်း…တစ်ဆင့်ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။
ဓမ္မမိတ်ဆွေများအားလုံးလည်း နှလုံးစိတ်ဝမ်းအေးချမ်းသာယာရှိကြပါစေ။ကျန်းမာရေးလည်း အထူးကောင်းမွန်ကြပါစေရှင်။
မေတ္တာအားဖြင့်…။(3.5.2013)
Ma Waing Chit မှကူးယူဖေါ်ပြသည်။