ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ
---------------------------------------------
မည်သူမဆို
အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ
စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည်
ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော
ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။
ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့်
ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့်
အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊
အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌
ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့်
အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင်
ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင်
ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။
အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ
ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။
ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့်
ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။
Ref: Good Health
စာရေးသူ :July Moe