အပါယ်ပိတ်တရား
----------------------
အပါယ်သို့ကျရောက်ပုံကို အခြေခံဗုဒ္ဓသာသနာဝင် အားလုံးသိပြီးသားဖြစ်သည်။ ဤနေရာတွင် ကုသိုလ်၊ အကုသိုလ်များကို နားလည်ရန်လိုအပ်သည်။
ယနေ့လူသားအားလုံး နေ့စဉ်သွားလာ လှုပ်ရှားနေသည့်အခါ
ကုသိုလ်လုပ်လျှင်လုပ်သည်။ ကုသိုလ် မဖြစ်သည့်အချိန်မှာ အကုသိုလ် ဖြစ်ပါသည်။
ကုသိုလ်မလုပ်နိုင်သောပုဂ္ဂိုလ်သည် အကုသိုလ်လုပ်မှာ သေချာလှပါသည်။ ကုသိုလ်
အကုသိုလ်မဖြစ်လျှင် “ဘ၀င်စိတ်” ဖြစ်မည်။ ၄င်းမှာ အိပ်ပျော်နေချိန်
ဖြစ်သောစိတ် ဖြစ်သည်။ ထိုကဲ့သို့ပင် ဒုစရိုက်၊ သုစရိုက်ကိုလည်း
အားလုံးနားလည်ထားသင့်သည်။ ဒုဆိုသည်မှာ မကောင်းသော၊ အပြစ်နှင့်တစ်ကွဖြစ်သော၊
အပါယ်(၄)ပါးကို ကျရောက်နိုင်သော လို့အဓိပ္ပါယ်ရပါသည်။ စရိုက်ဆိုသည်မှာ
အကျင့်ဖြစ်သည်။ ဒုစရိုက်ဆိုသည်မှာ မကောင်းသော၊ အပါယ်(၄)ပါးသို့
ကျရောက်နိုင်သော၊ အပြစ်ကိုဖြစ်စေသော အကျင့်ဖြစ်သည်။ သုစရိုက်မှာ
ဒုစရိုက်၏ဆန့်ကျင်ဘက်ဖြစ်သည်။ ကောင်းမြတ်သောအကျင့်ဖြစ်သည်။ ဒုစရိုက်ဆယ်ပါး
ရှိရာ အုပ်စုအနေနှင့် (၃)အုပ်စုရှိသည်။
ကာယဒုစရိုက်(၃)ပါး၊ ၀စီဒုစရိုက်(၄)ပါး၊ မနော ဒုစရိုက်(၃)ပါးဖြစ်ပြီး ပထမအုပ်စုကာယဒုစရိုက်မှာ သတ်ခြင်း၊ ခိုးခြင်း၊ ဖောက်ပြန်ခြင်း။
ဒုတိယအုပ်စု ၀စီဒုစရိုက်မှာ လိမ်ခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစကားပြောခြင်း၊ အချည်းနှီးသိမ်ဖျင်းသော စကားပြောခြင်း ဖြစ်ပြီး၊
တတိယ အုပ်စု မနောဒုစရိုက်မှာ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတို့ဖြစ်သည်။
အဘိဇ္ဈာ မှာ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း၊ ဗျာပါဒမှာ သူတစ်ပါးကို
နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုခြင်း၊ မိစ္ဆာဒိဋ္ဌိမှာ အယူမှား၊အမှတ်မှားခြင်းတို့
ဖြစ်သည်။
မနောဒုစရိုက်သုံးမျိုးတွင် အဆိုးဆုံးသည် မိစ္ဆာဒိဋ္ဌိဖြစ်သည်။
မိစ္ဆာဒိဋ္ဌိကြောင့်သာလျှင် အပေါ်က ဒုစရိုက်ကိုးမျိုးကို ကျူးလွန်ခြင်းဖြစ်သည်။
မိစ္ဆာဒိဋ္ဌိကြောက်စရာကောင်းပုံကို ဘုရားရှင် ဆုံးမတော်မူသည်မှာ
“ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးလျှင် ခဏထား၍ရသည်။ မိစ္ဆာဒိဋ္ဌိကို အရင်ဆုံးပယ်
သတ်နိုင်အောင် ကျင့်ကြံကြပါရန်” တိုက်တွန်းတော်မူသည်။ “ဦးခေါင်းမီးလောင်၊
ရင်ဝလှံစူးလျှင် တစ်ဘ၀ပဲသေပြီး မိစ္ဆာဒိဋ္ဌိနှင့်ဆိုလျှင် တစ်သံသရာလုံး
အိုလို့မဆုံး သေလို့ မဆုံး ဖြစ်နေမည်” လို့ ဆုံးမတော်မူခဲ့သည်။
ဒုစရိုက်မှာ အခြေခံအားဖြင့် ဆယ်ပါးဖြစ်ပြီး ပွားလိုက်လျှင် လေးဆယ်ရသည်။ အုပ်စုအားဖြင့် (၄)အုပ်စု ဖြစ်သည်။
ပထမအုပ်စုက ဆယ်ပါးလုံးကိုယ် တိုင်ကျူးလွန်ခြင်း။
ဒုတိယအုပ်စုက တစ်ပါးသောပုဂ္ဂိုလ်ကို စေခိုင်းခြင်းဖြင့် ကျူးလွန်ခြင်း၊
တတိယအုပ်စုက တစ်ပါးသောပုဂ္ဂိုလ်ကိုသွယ်ဝိုက် သောနည်းဖြင့်
ကျူးလွန်ရန်အားပေးခြင်း၊ စတုတ္ထအုပ်စုမှာ တစ်ပါးသူက ကျူးလွန်နေချိန်မှာ
စိတ်ထဲမှဝမ်း မြောက်ခြင်းဖြစ်သည်။ ဒုစရိုက် လေးဆယ်ရှိသလို၊
ပြောင်းပြန်ပြန်၍ သုစရိုက်ဆယ်ပါးပွားလျှင်လည်း အပွားလေးဆယ် ရပါသည်။
ဒုစရိုက်ဆယ်ပါး၊ အပွားလေးဆယ်ကို ကျူးလွန်သော ပုဂ္ဂိုလ်များအားလုံး
အပါယ်ကျမှာ ဖြစ်ပါသည်။
အပါယ်(၄)ပါးတွင် ပြိတ္တာ၊ ငရဲ၊ တိရစ္ဆာန်၊
အသူရကာယ်သည် အကျိုးတရားလေးပါးဖြစ်ပြီး အကြောင်းတရားလည်း လေးပါးရှိပါသည်။
လောဘကြောင့် ပြိတ္တာဖြစ်သည်။ ဒေါသကြောင့် ငရဲရောက်သည်။ မောဟ ကြောင့်
တိရစ္ဆာန်ဖြစ်ပြီး၊ မာနကြောင့် အသူရကာယ်ဖြစ်သည်။ ထိုအကြောင်းတရားတွေ
လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးက လွတ်မည်မဟုတ်။ ထိုအကြောင်းတရားများကို
ပတ်သက်ဖို့ ဒါန၊ သီလ၊ သမထလောက်နှင့်မဖြစ်နိုင်ပေ။ ထိုသုံးမျိုးကို
လုပ်နေသမျှ ကံအကျိုးပေးကိုရပြီး ကံလမ်းသာလျှင် ဖြစ်သည်။ဝိပဿနာ ဘာဝနာကတော့
ဉာဏ်လမ်းဖြစ်ပြီး လုပ်သလောက် တက်ပါ သည်။ ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဒါန၊
သီလ၊ သမထ ဘာဝနာကို လုပ်ကြပါသည်။
သို့သော် ၀ိပဿနာ ဘာဝနာမှာ
အလှမ်းဝေးနေတာကို တွေ့ရပါသောကြောင့် ယနေ့ ၀ိပဿနာကို
အလေးအနက်ဟောခြင်းဖြစ်ပါသည်။ မြေကြီးကနေ တာဝတိံသာအထိ ပုံပြီး လှူ၊ သီလကို
ကြိုက်သလောက် ထိန်း၊ သမထကိုလည်း မြေလျှိုး၊ မိုးပျံ ကြိုက်သလောက်ကျင့်၊
ဒါတွေလုပ်လို့ အပါယ်က လွတ်ပါတယ်လို့ ပြောလျှင် မှားပါသည်။
သူ့အကျိုးပေးရှိသလောက် အကျိုးပေးရနိုင်ပေမယ့် အပါယ်လွတ်ရန်မသေချာပါ။ ဒါန၊
သီလ၊ သမထ သုံးမျိုးမှာ ဘုရားမပွင့်သည့် သာသနာပမှာ လည်းရှိသည်။
ဘာသာခြားများလည်း လုပ်နိုင်ပါသည်။ မလုပ်နိုင်သောအကျင့်မှာ
ဝိပဿနာပင်ဖြစ်သည်။ ဒါန၊ သီလ၊ သမထမှာ အခြေခံမျှသာဖြစ်ပြီး
အတန်းအနေနှင့်ပြောလျှင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမျှသာဖြစ်သည်။
တက္ကသိုလ်မရောက်ပေ။ ဘွဲ့ယူနိုင်ဖို့အလှမ်းဝေးပါသည်။ထိုသုံးမျိုး အခြေခံပြီး
ဝိပဿနာကို လုပ်မှသာ အပါယ်လွတ်မည်ဖြစ်သည်။ ကံအကျိုးပေးရှိသလောက် လူ၊ နတ်၊
ဗြဟ္မာချမ်းသာကို ရရှိမှာဖြစ်ပြီး၊ ကုန်ပြီဆိုသည် နှင့်ပြန်ဆင်းပြီး
အပါယ်ရောက်မှာဖြစ်သည်။ တကယ်တမ်း မှာ အပါယ်တံခါးမပိတ်ပါ။ဝိပဿနာ ဘာဝနာကို
ပွားများပါက အကျိုးပေးပြန်မကျဘဲ လုပ်လေတက်လေဖြစ်ပြီး အပေါ်သို့သာ
တိုးတက်နေပါသည်။ ဥပမာ..ဒါန၊ သီလ၊ သမထသည် ပိုက်ဆံချမ်းသာခြင်းနှင့်တူသည်။
ပိုက်ဆံကုန်လျှင်ဆင်းရဲသားပြန် ဖြစ်သလို ဒါန၊ သီလ၊ သမထ
အကျိုးပေးကုန်လျှင်လည်း အပါယ်ပြန်ဆင်းသည်။ ၀ိပဿနာဘာဝနာမှာ
သင်ကြားတတ်မြောက်ထားသည့် ပညာနှင့်တူသည်။ ဘယ်လောက်သုံးသုံး မကုန်နိုင်ပေ။
ထို့ကြောင့်လည်း ၀ိပဿနာမလုပ်သေးလျှင် အပါယ်သို့ ကျရောက်နိုင်သေးကြောင်း
ထင်ရှားလွန်းလှသဖြင့် သတ္တ၀ါအားလုံးတို့အား ၀ိပဿနာ ဘာဝနာ အကျင့်ကို
အမြန်ဆုံး ကျင့်ကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။
သောတုဇနပအိုဝ်;ပေ;