နတ်တို့ စံပျော်ရာ ပုပ္ပားတောင်ကလပ်
ပုပ္ပားတောင်သည် မီးတောင်ဟောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရှိ
ကျောက်ပန်းတောင်မြို့နယ်တွင် တည်ရှိပါတယ်။ ပုပ္ပားဆိုသည်မှာ ပန်း ဟု
အဓိပ္ပာယ် ရသည်။ ပုပ္ပား တောင်မကြီး (၄၉၈၁ ပေ) နှင့် ပုပ္ပား တောင်ကလပ် (၂၄၁၇
ပေ) ဟူ၍ နှစ်ခုရှိသည်။ ပုပ္ပား တောင်ကလပ်မှာ ပုပ္ပား တောင်မကြီး၏
အစိတ်အပိုင်း တောင်ကလပ်သာ ဖြစ်သည်။ ချောက်၊ ရေနံချောင်းတို့နှင့် နယ်မြေ
တဆက်တည်း ရှိပြီး ကျောက်ခေတ်ကတည်းက လူသားတို့ နေထိုင်ရာ အရပ် အဖြစ်
ယုံကြည်ထားကြသည်။ ထို ယုံကြည်ချက် ခိုင်မာစေသည်မှာ ကျောက်ခေတ်
လက်နက်များကို ပုပ္ပား နယ်နိမိတ် အနှံ့ တူးဖော် ရရှိထား၍ဖြစ်သည်။
အမေရိကန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင် မိုးဗီးယပ်စ် (Movius) ကလည်း
ပုပ္ပားနယ်တွင် ကျောက်ခေတ်သစ် လူများ ရှိနေကြောင်း အခိုင်အမာ ဆိုထားသည်။
ခရစ် မပေါ်မီ ဘီစီ ၄၄၂ က ပုပ္ပားတောင် ပေါ်လာခြင်းဖြစ်သည်ဟု မြန်မာ
ရာဇဝင်များက ဆိုထားသည်။ ဧရာဝတီ မြစ်ရိုး အလယ်ပိုင်းလောက်တွင် မြေငလျင်
ကြီးစွာ လှုပ်ခတ်ရာမှ ပုပ္ပားတောင် ထွက်ပေါ်လာသည်ဟု ဆိုသည်။ ဘူမိဗေဒ
ပညာရှင်များက ပုပ္ပားတောင်ဟာ လွန်ခဲ့သော နှစ် ၁၅ သန်း လောက်က
ပေါ်ထွန်းခဲ့သည်ဟု ဆိုထားပြီး မြန်မာ ရာဇဝင် ကျမ်းများနှင့် ကွဲလွဲနေသည်။
ကျောက်ခေတ်ဦး (သို့) ကျောက်ခေတ် နှောင်းပိုင်းတွင် ယဉ်ကျေးမှု စတင်
ထွန်းကားလာပြီး ထူးခြားသော ပုပ္ပားတောင်ကို အားကိုး အားထားရာ အဖြစ်
ကိုးကွယ်သည်မှာ ထိုခေတ်ကာလအတွက်တော့ မဆန်းပေ။
မှတ်ချက်။ ။
စာရေးသူကို သမိုင်းကြောင်း ရှင်းပြသောဂိုက်မှာ ပုဂံမှာပင် နေခဲ့၍
ပုပ္ပားတောင် ရာဇဝင်နှင့် ပတ်သတ်သော စာသားကို wiki မှရှာဖွေပြီးဓာတ်ပုံကို
မိုးရေထဲမှာပင် တောင်ကလပ်သို့တက်ပြီး တောင်မကြီးရှုခင်းပုံ၊ ကလပ်တောင်ခြေရှိ
အခြားတောင်ပုလေးတစ်ခုပေါ် တက်ပြီး ပုပ္ပားတောင်ကလပ်ပုံ တို့ကို ရိုက်ယူပြီး
ပုပ္ပားမှာပင် ဆောင်းပါးကို တင်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ စာဖတ်သူများတွင်
ပုပ္ပားတောင် သမိုင်းကြောင်းကို နားလည်တတ်ကျွမ်းသူများ ပါဝင်ပါက
ကွန့်မန့်များဖြင့် ဝေဖန်အကြံပြုရန် ဖိတ်ခေါ်ပါတယ်။
အေဒီ ၉၀၄၊
သေဉ်လည်ကြောင် မင်းလက်ထက်တွင် ပန်းပဲ မောင်တင့်တယ် နတ်မောင်နှမ နေသည်ဟု
ယူဆထားသည့် စကားပင်သည် တကောင်းမှ မျောလာသည်။ ဘုရင်မှ ထိုစကားပင်ကို
နတ်ရုပ်များ ထုစေပြီး ပုပ္ပားတောင်တွင် တင်ထားပြီး ပြည်သူတို့အား
ကိုးကွယ်စေသည်။ ထိုမှစပြီး ပြည်သူ တစ်ရပ်လုံးတွင် နတ်ကိုးကွယ်မှု
အမြစ်တွယ်ခဲ့သည်။ ထို နတ်ရုပ်များအား မဟာဂီရိနတ် မောင်နှမဟု ခေါ်တွင်စေသည်။
မဟာဂီရိ ဆိုသည်မှာ ကြီးမြတ်သောတောင် ဟု အဓိပ္ပာယ်ရသည်။ ပုပ္ပားတောင်ရှိ
နတ်များတွင် ပုဂံခေတ်က ကွပ်မြစ်ခံရပြီး နတ်အဖြစ် သတ်မှတ်ခံရသော ဗျဝိ၊ ဗျတ္တ
နှစ်ဦးတည်းသာ ဘာသာခြား၊ လူမျိုးခြား နတ်အနေဖြင့် ရှိသည်။
ယခင်က
ပုပ္ပားတောင်တွင် နတ်များကို ပူဇော်ရန် အတွက် တိရိစ္ဆာန် အမြောက်အများကို
တရားဝင် သတ်ဖြတ်ခဲ့ကြသည်။ အနော်ရထာမင်း လက်ထက်မှသာ ဗုဒ္ဓသာသနာ
ထွန်းကားလာပြီး ယစ်ပူဇော်မှုများ လျော့နည်းသွားသည်။ ဂေါတမ မြတ်စွာဘုရားက
လူသားတို့ ကျင့်ဝတ်ထဲတွင် သူ့ အသတ် သတ်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း
ဟောကြားထားသဖြင့် ယစ်ပူဇော်ခြင်း သဘောနှင့် မည်သို့မှ ဆက်စပ် မရဘဲရှိသည်။
သာသနာ ထွန်းကားပြီးနောက်ပိုင်းတွင် တိရိစ္ဆာန်များအသက်ဖြင့် ပူဇော်မှုများ
ပျောက်ကွယ်လာပါတယ်။ မည်သို့ပင် ဆိုစေကာမူ ပုပ္ပားတွင် နတ်ကိုးကွယ်မှုများ
ကျန်ရှိနေပါသေးတယ်။
မှတ်ချက်။ ။ စာရေးသူကို သမိုင်းကြောင်း
ရှင်းပြသောဂိုက်မှာ ပုဂံမှာပင် နေခဲ့၍ ပုပ္ပားတောင် ရာဇဝင်နှင့် ပတ်သတ်သော
စာသားကို wiki မှရှာဖွေပြီးဓာတ်ပုံကို မိုးရေထဲမှာပင် တောင်ကလပ်သို့တက်ပြီး
တောင်မကြီးရှုခင်းပုံ၊ ကလပ်တောင်ခြေရှိ အခြားတောင်ပုလေးတစ်ခုပေါ် တက်ပြီး
ပုပ္ပားတောင်ကလပ်ပုံ တို့ကို ရိုက်ယူပြီး ပုပ္ပားမှာပင် ဆောင်းပါးကို
တင်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ စာဖတ်သူများတွင် ပုပ္ပားတောင်
သမိုင်းကြောင်းကို နားလည်တတ်ကျွမ်းသူများ ပါဝင်ပါက ကွန့်မန့်များဖြင့်
ဝေဖန်အကြံပြုရန် ဖိတ်ခေါ်ပါတယ်။
Stacy Chan (ရိုးရာလေး)
www.yoyarlay.com
#stacy_yyl #travel_yyl
ရိုးရာလေးမှကူးယူဖော်ပြသည်။